စအိုမှာ တစိုစိုဖြစ်နေတတ်တဲ့ ဂရင်ဂျီနာဆိုတာ
မြန်မာလို ဂရင်ဂျီနာလို့ခေါ်ပြီး ဆေးပညာအရ anal fistula (fistula in ano- FIA) လို့ခေါ်တဲ့ ရောဂါဆိုတာ စအိုရဲ့အတွင်းပိုင်းကနေ စအိုအနီးတဝိုက်က အရေပြားထိ လှိုဏ်ခေါင်းလို လမ်းကြောင်းငယ်လေး ဖြစ်နေတာပါ။ ဂရင်ဂျီနာရှိရင် စအိုတဝိုက်က အမြဲစိုစွတ်နေတဲ့အတွက် ရောဂါပိုးလည်း ဝင်လွယ်ပါတယ်။
Cause Overview
စအိုရဲ့ အတွင်းဘက်မှာ အရည်ထုတ်ပေးတဲ့ ဂလင်းတွေ အများကြီး ရှိပါတယ်။ အဲဒီဂလင်းတွေက အကြောင်းကြောင်းကြောင့် ပိတ်ဆို့နေတဲ့အခါ ပြည်တည်နာလိုမျိုး ဖြစ်လာပါတယ်။ ပြည်တည်နာကို မသိဘဲ၊ မကုသဘဲထားတဲ့အခါ ပြည်တည်နာကနေ စအိုအနီးတဝိုက် အရေပြားဆီကို လမ်းကြောင်းဖြစ်လာပြီး မကောင်းတဲ့အရည်တွေကို စွန့်ထုတ်တာပါ။ အဲဒီလမ်းကြောင်းလေးကို ဂရင်ဂျီနာလို့ ခေါ်ပါတယ်။
အများအားဖြင့် ပြည်တည်နာကြောင့် ဖြစ်တတ်ပေမယ့် တီဘီရောဂါ၊ လိင်ကြောင့်ကူးစက်တဲ့ရောဂါတွေနဲ့ ulcerative colitis လို့ခေါ်တဲ့ အူရောင်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
Symptom & Types
ဘယ်လိုလက္ခဏာတွေ ဖြစ်မလဲ?
- စအိုအနီးတဝိုက်က ရောင်ရမ်းနေတာ
- နီရဲပြီး နာနေတာ
- ဝမ်းသွားရင်ဖြစ်ဖြစ်၊ ဆီးသွားရင်ဖြစ်ဖြစ် ပိုနာတာ
- သွေးကျတတ်တာ
- အနံ့နံတဲ့ အရည်တွေ တောက်လျှောက်ကျပြီး စိုစိစိဖြစ်နေတာ
- ဖျားတာ
ဒီလက္ခဏာတွေရှိရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်နေပါပြီ။
ဘယ်လိုသိနိုင်မလဲ?
ဆရာဝန်က စအိုအတွင်းကို စမ်းသပ်ခြင်းဖြင့် သိနိုင်ပါတယ်။
လိုအပ်ရင် ဓာတ်မှန်ရိုက်တာ၊ ကွန်ပြူတာဓာတ်မှန် ရိုက်တာ၊ မှန်ပြောင်းကြည့်တာမျိုးနဲ့ ရောဂါသေချာအောင် လုပ်လို့ရပါတယ်။
Support & Resources
ဘယ်လိုကုသမလဲ?
ဂရင်ဂျီနာပျောက်တဲ့ သောက်ဆေးရယ်လို့ မရှိပါဘူး။ ခွဲစိတ်ကုသမှသာ ပျောက်ကင်းနိုင်မှာပါ။ အများအားဖြင့် ခါးရိုးထုံဆေးနဲ့ ခွဲစိတ်ပြီး နာရီဝက်၊ တစ်နာရီခန့်သာ ကြာတတ်ပါတယ်။
လမ်းကြောင်းကို ဖွင့်ထုတ်သန့်ရှင်းပြီး ပိုးသတ်ထားတဲ့ဂွမ်း ဒါမှမဟုတ် ပတ်တီးစထည့်ထားကာ နေ့စဥ်ဆေးထည့်ခြင်းဖြင့် အနာကျက်ပြီး လမ်းကြောင်းပျောက်သွားအောင် လုပ်တာပါ။
ပိုဆိုးတဲ့ ဂရင်ဂျီနာတွေမှာ လမ်းကြောင်းထဲကို ပိုက်ကလေးထည့်ထားပြီး မကောင်းတဲ့အရည်တွေကို စွန့်ထုတ်စေကာ တစ်လခွဲလောက်ကြာမှ ခွဲစိတ်တာမျိုးလည်း လုပ်ပါတယ်။
ဂရင်ဂျီနာက စအိုနဲ့အရမ်းကပ်နေလို့ စအိုရှုံ့ကြွက်သားတချို့ ဖြတ်ထုတ်လိုက်ရတဲ့အခါ နောက်ပိုင်း ဝမ်းမထိန်းနိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။
ဂရင်ဂျီနာဟာ ကင်ဆာလိုရောဂါဆိုးကြီး မဟုတ်သလို ကုသလို့မရတဲ့ ရောဂါလည်း မဟုတ်ပါဘူး။ ဂရင်ဂျီနာရှိနေခဲ့ရင် ရှက်ကြောက်နေဖို့ မလိုဘဲ အမြန်ဆုံးကုသမှု ခံယူပြီး ပုံမှန်ဘဝကို ခံစားလို့ရပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်